Terminator ရုပ်ရှင်ကားထဲကလို အရည်ပျော်စက်ရုပ်တီထွင်လိုက်တဲ့ တရုတ်ပညာရှင်များ

Posted on

တာမနေတာကားထဲက အရည်ပျော်စက်ရုပ်တွေဟာ ပြင်ပလောကမှာ တကယ်တမ်းရှိလာတော့မှာပါ။ တရုတ်နိုင်ငံက နည်းပညာရှင်တွေဟာ အခုဆိုရင် T-1000 ဆိုတဲ့ စက်ရုပ်ကို ဖန်တီးထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။ ဒီစက်ရုပ်ဟာ အလွန်သေးငယ်ပြီး ပုံသဏ္ဍာန်ပြောင်းလဲနိုင်စွမ်းရှိတဲ့အပြင် ပျက်ဆီးသွားတဲ့အစိတ်အပိုင်းတွေကိုလည်းပြန်လည်ပြုပြင်နိုင်စွမ်းရှိပါသေးတယ်။

နမူနာစက်ရုပ်ကိုတော့ တရုတ်နိုင်ငံ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်နဲ့ သြစတေးသျနိုင်ငံ Wollongong တက္ကသိုလ်ပူးပေါင်းဖွဲ့စည်းထားတဲ့ သိပ္ပံပညာရှင်အဖွဲ့မှတီထွင်ခဲ့တာပဲဖြစ်ပါတယ်။

စက်ရုပ်ကိုတော့ လစ်သီယမ် ဘတ္ထရီ ၊ ပလတ်စတစ် ဘီး ၊ Gallium ၊ ငွေသတ္တုပျော့ အစရှိတဲ့အရာတွေနဲ့ တည်ဆောက်ထားတာဖြစ်တယ်လို့ South China Morning Post သတင်းဌာနအပြောအရသိရပါတယ်။

ဖန်တီးသူတွေအပြောအရ အရည်ဖြစ်နေတဲ့အလွိုင်းသတ္တုတွေနဲ့တည်ဆောက်ထားတာကြောင့် ဒီစက်ရုပ်တွေဟာ မျက်နှာပြင်ပြောင်းလဲနိုင်ပြီး လျပ်စစ်စီးမှုမြင့်တဲ့အပြင် ကွေးနိုင်ဆန့်နိုင်စွမ်းလည်းအလွန်မြင့်မားတယ်လို့သိရပါတယ်။

ဒီစက်ရုပ်တွေကိုတော့ စစ်ဘက်ဆိုင်ရာကနေ ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေအထိ အသုံးချသွားနိုင်ဖို့ရည်ရွယ်ထားပါတယ်။

ဒီသေးငယ်တဲ့စက်ရုပ်လေးတွေဟာဆိုရင် အကြိတ်ဖြစ်နေတဲ့ ဆဲလ်တွေကိုတိုက်ခိုက်ပြီး ခန္ဓာကိုယ်အနှံ့ဆေးဝါးတွေ ပို့ပေးနိုင်စွမ်းရှိပါသေးတယ်။

အနာဂတ်မှာ အရည်ပျော်စက်ရုပ်တွေကို ငလျင်ဒဏ်ခံရတဲ့ ဘေးဒုက္ခသည်တွေကို ကယ်ဆယ်နိုင်ဖို့အတွက် အသုံးပြုနိုင်အောင်ကြိုးပမ်းနေတယ်လို့သိရပါတယ်။

သူတို့ရဲ့ပုံစံပြောင်းနိုင်တဲ့စွမ်းအင်ကြောင့်လူသားတွဝင်ရောက်လို့မရတဲ့ တိုက်အပျက်အဆီးတွေကြားကို ဝင်ရောက်ပြီး ဒဏ်ရာရသူတွေကို ကယ်ဆယ်နိုင်မှာပဲဖြစ်တယ်လို့ Wollongong တက္ကသိုလ်မှ သိပ္ပံပညာရှင် Tang Shiyang ကပြောပြသွားပါတယ်။

ဒီသိပ္ပံပညာရှင်အဖွဲ့ဟာ မကြာသေးခင်ကပဲ Star Wars ထဲက BB-8 လိုစက်ရုပ်မျိုး တီထွင်မှာဖြစ်တယ်လို့ Advanced Materials ဂျာနယ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

ယခုအနေအထားမှာတော့ ဒီစက်ရုပ်လေးတွေဟာ လျပ်စစ်ပေးသွင်းလိုက်တဲ့ ဗို့အားပမာဏပေါ်မူတည်ပြီး ပုံသဏ္ဍာန်ပြောင်းလဲနိုင်စွမ်းရှိနေပါပြီ။

Writer – Min Thu ( YGN Times )

Leave a Reply

Your email address will not be published. Required fields are marked *